Godzilla (  Anti-Mosquito Products )How to protect DHFAbout Us, Diesel King Co., Ltd.ProductsContact to Godzilla (  Anti-Mosquito Products )Site map

Click here to download Myanmar Font If you can't see myanmar text on page, please download it.

ဖုံး သွန်၊ လဲ၊ စစ်

"ဖုံး၊ သွန်၊ လဲ၊ စစ်"
စာလုံးကလေး လေးလုံးပဲဖြစ်ပေမယ့် အဓိပ္ပာယ်က ကျယ်သည်။ လူပေါင်းသိန်းသန်းချီ၍ အသက်ကယ်နိုင်စွမ်းရှိပါသည်။ အထူးသဖြင့် ကလေးငယ်များစွာ၏ အသက်ကို သွေးလွန်တုပ်ကွေး Dengue Hemorrhagic Fever (DHF) လက်မှ ကယ်တင်နိုင်ပါသည်။
သွေးလွန်တုပ်ကွေး မြန်မာနိုင်ငံသို့ ရောက်ရှိလာသည်မှာ အနှစ်လေးဆယ်ရှိပြီ။ ဖုံး၊သွန်၊လဲ၊ စစ် ဆိုသောစကား ဖြန့်ကြက်ခဲ့သည်မှာလည်း ထိုမျှအချိန်ကြာခဲ့ပြီ။ ဖတ်သူဖတ်၊ ကြားသူကြား၊ ပြောသူပြောကြသဖြင့် လူသိများလှသည်။ သို့သော် ထိုစာလုံးလေးလုံးသည် ပြောဖို့မဟုတ် အလုပ် လမ်းညွှန်သာဖြစ်သဖြင့် ယနေ့အထိ သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်ပွားမှုသည် များပြားနေဆဲ။

"ဖုံး၊ သွန်၊ လဲ၊ စစ်"ဆိုတာဘာလဲ
ရေလှောင်ထားသောပစ္စည်းများ၊နေရာများကို လုံခြုံစွာဖုံးအုပ်ဖို့၊ သုံးရက်ကျော်အဖုံးအအုပ်မရှိ ရေသိုလှောင်ထားသည့်ပစ္စည်းများမှရေကိုသွန်ပစ်ဖို့၊ ရေရှိရာ၊ ရေထည့် ထားရာ ပစ္စည်းများကို ကြာရှည်စွာမထားဘဲ သုံးရက်တစ်ခါ ပုံမှန်လဲလှယ်ဖို့၊ ရေလှောင်ရာနေရာများသည် ထုထည်ကြီးပါက ရေကိုမစွန့်ဘဲ ရေစစ်ဖြင့်စစ်ကာ ခပ်ယူဖို့ ဖြစ်ပါသည်။

ဘာကြောင့်"ဖုံး၊ သွန်၊ လဲ၊ စစ်"လုပ်ရသလဲ
ခြင်မပေါက်ပွားအောင်"ဖုံး၊ သွန်၊ လဲ၊ စစ်"လုပ်ရပါသည်။ အထူးသဖြင့် သွေးလွန်တုပ်ကွေးရောဂါ ပိုး(ဗိုင်းရပ်စ်ပိုးတစ်မျိုး)ကိုသယ်ဆောင်ကူးစက်စေနိုင်သော ခြင်ကျား(ခေါ်) ခြင်ပုန်းကို နှိမ်နှင်းလိုသည့် အတွက် ဆောင်ရွက်ရပါသည်။

"ဖုံး၊ သွန်၊ လဲ၊ စစ်" လုပ်ရင် ခြင်ကိုဘယ်လိုနှိမ်နှင်းနိုင်သလဲ
"ဖုံး၊ သွန်၊ လဲ၊ စစ်"လုပ်ခြင်းသည် ခြင်ကို တိုက်ရိုက်နှိမ်နှင်းခြင်းမဟုတ်ဘဲ ခြင်ပေါက်ပွားရာ နေရာများကို ဟန့်တားခြင်း၊ မဟန့်တားနိုင်သည့်အတွက် ပေါက်ပွားလာသည့် ခြင်သားလောင်း (လောက်လမ်း)များကို နှိမ်နှင်းခြင်းဖြစ်ပါသည်။ သွယ်ဝိုက်သည့် နှိမ်နှင်းခြင်းဖြစ်သော်လည်း ပိုပြီး ထိရောက်အကျိုးရှိပြီး စရိတ်အကုန်အကျနည်းကာ လူတိုင်းလိုက်လုပ်နိုင်သော နည်းဖြစ်ပါသည်။

ဖုံး

ရေလှောင်ထားသောပစ္စည်း၊နေရာများကို လုံခြုံစွာဖုံးအုပ်ထားလျှင် ခြင်ဝင်ရောက်ပေါက်ပွား ခြင်းမရှိပါ။ (သွေးလွန်တုပ်ကွေးဖြစ်စေသော ခြင်ကျားသည် ရေကြည် ရေသန့်ထဲ၌ ဥချလေ့ရှိသော ကြောင့် ဖြစ်ပါသည်။)
• အားနည်းချက်မှာ ခြင်မ၀င်အောင် ဖုံးထားသော အဖုံးအအုပ်များသည် ခြင်ကောင် သာမက အိမ်မြှောင်များ၊ကြွက်များပါ ၀င်ရောက်နိုင်သည်ကို တွေ့ရပါသည်။

သွန်

လှောင်ထားသော ပစ္စည်းအသေးစားများမှာ အဖုံးမပါဘဲ ရေထည့်ထားလျှင် သုံးရက်ကျော် သည်နှင့် သွန်ပစ်ရန်လိုပါသည်။ ထိုရေလှောင်ပစ္စည်းများထဲ တွင်ရှိသည့် ရေထဲ၌ ခြင်ကျားများ ၀င်ရောက်၍ ဥထားပြီးဖြစ်သဖြင့် မကြာမီ ခြင်လောက်လမ်းများပေါက်ပွားလာတော့မည်ဖြစ်ပါ၍ ပေါက်ခွင့်မရစေရန် သွန်ပစ်ရခြင်း ဖြစ်ပါသည်။
• အားနည်းချက်မှာသိုလှောင်ပစ္စည်းများကိုသေချာစွာပွတ်တိုက်ဆေးကြောပြီး အနည်ပါ မကျန်အောင် သွန်ပစ်နိုင်မှုမရှိခြင်း၊ ရေထဲသို့ သွန်ချလိုက်မိသဖြင့် ပိုးလောက်လမ်း များပေါက်ပွားခြင်းပင်ဖြစ်ပါသည်။

လဲ

ရေရှိရာ၊ရေထည့်ထားရာ ပစ္စည်းများမှရေကို သုံးရက်တစ်ခါ လဲလှယ်ခြင်းဖြင့် ခြင်ဥများဥထားသည့်တိုင် ပိုးလောက်လမ်းပေါက်ပွားမှုမရှိအောင် ကာကွယ်နိုင်ပါ သည်။
• အားနည်းချက်မှာ ဘုရားညောင်ရေအိုး၊ နတ်ပန်းအိုး၊အလှဆင်ပန်းအိုးများထဲမှရေကို သုံးရက်တစ်ကြိမ်သွန်ဖို့ သတိမရခြင်း၊ အိုးနှုတ်ခမ်းများကို သေချာစွာ ပွတ်တိုက် ဆေးကြောပြီး အနည်ပါမကျန်အောင် သွန်ပစ်မှုမရှိခြင်းဖြစ်ပါသည်။

စစ်

ရေစစ်ကိုသုံး၍ ရေထဲတွင် ပေါက်ပွားလျှက်ရှိသော ပိုးလောက်လမ်းများကို ဖယ်ရှားခြင်းဖြစ်ပါသည်။ ဖောက်၍မရ၊သွန်ပစ်၍မဖြစ်သော ရေလှောင်ကန်ကြီးများ၊ ရေလှောင် စည်ကြီးများတွင်ပေါက်ပွားနေသော ခြင်လောက်လမ်းများကို ဤနည်းဖြင့် နှိမ်နှင်းရပါသည်။ လက်ကိုင်အရိုးရှည်တပ်ထားသောရေစစ်အကြီးစားများဖြင့် ရေလှောင်ကန် အောက်ခြေအထိ မွှေခပ်နိုင်မှ ရပါသည်။
• အားနည်းချက်မှာ လေးထောင့်ပုံသဏ္ဍာန် ရေလှောင်ကန်များ၏ ထောင့်ထဲသို့မွှေခပ်ပြီး စစ်ထုတ်နိုင်ဖို့ မလွယ်ခြင်းပင် ဖြစ်ပါသည်။ အောက်ခြေအထိ မွှေမခပ်နိုင်လျှင် လောက်လမ်းများ ရှောင်ပုန်းလွတ်မြောက်သွားနိုင်ပါသည်။

ဘာကြောင့် ရေသိုလှောင်ရာပစ္စည်းများကို ပွတ်တိုက်ဆေးကြောပြီးမှ အနည်မကျန်အောင် သွန်ရလဲ
ခြင်များသည် ရေစပ်တွင်သာဥချလေ့ရှိပါသည်။ ရေလှောင်ရာပစ္စည်း၊အိုး၊ခွက် စသည်တို့အထဲတွင် ရေမျက်နှာပြင်နှင့်ထိစပ်ရာနေရာများ၌ ခြင်ဥများရှိနေပါသည်။ ညောင်ရေအိုး ရေမလဲဘဲကြာလျှင် ရေခန်းခြောက် လျော့ပါးသွားသည့်နေရာများ၌ အရိအရွဲများရှိနေသည်ကို မြင်နိုင်၊စမ်းသပ်ထိတွေ့နိုင် ပါသည်။ ရေကိုသွန်ရုံ၊ လဲရုံဖြင့် ထိုအရိအရွဲများထွက်မသွားနိုင်ပါ။ ထိုအရိအရွဲများသည် ခြင်ဥများ တည်ရှိရာနေရာများဖြစ်ပါသည်။ စင်အောင်ပွတ်တိုက် ဆေးကြောလိုက်လျှင် အနည်ဖြစ်သွားပါသည်။ စင်အောင်ပွတ်တိုက်ပြီး အနည်မကျန်သွန်ပစ်မှသာ ခြင်ဥများ စွန့်ပစ်ရာသို့ ပါသွားပါမည်။ ပွတ်တိုက် ဆေးကြောခြင်းမရှိဘဲပစ်ထားသော ညောင်ရေအိုးများထဲတွင် ရေလုံးဝမရှိဘဲ ခြောက်သွေ့နေသည့်တိုင် ခြင်ဥများသည် မသေဘဲ ရှင်သန်နေပါသည်။ ရေပြန်စိုသည်နှင့် ခြင်ပေါက်ပါသည်။ ထို့ကြောင့် ခြင် မရှိဘဲပေါက်လာသော လောက်လမ်းများကို သန္ဓေဓဇ(အလိုလိုပေါက်ပွားလာခြင်း)ဟု ရိုးရာအစဉ်အလာ အရ ထင်တတ်ကြသည်။ ထို့ကြောင့် လူအများစုသည် ခြင်နှင့်ခြင်လောက်လမ်းများကို မဆက်စပ်မိဘဲ ခြင်လောက်လမ်းနှိမ်နှင်းရေးကို စိတ်ပါဝင်စားစွာ ဆောင်ရွက်ကြခြင်းမရှိကြောင်း တွေ့ရပါသည်။ ထို့ကြောင့် ရေလှောင်ပစ္စည်းများသာမက ရေတင်နိုင်သည့် ပလပ်စတစ်အမှိုက်များ၊တာယာများ၊ အုန်းမှုတ်ခွက်များ၊ခွက်စုတ်ပုံးစုတ်များ၊သစ်ပင်ခွကြားများ၊၀ါးပင်ခုတ်ပိုင်းများထဲတွင် ခြင်လောက်လမ်း ပေါက်နိုင်ကြောင်း မစဉ်းစားမိကြပါ။

အခြားနည်းများဖြင့် ခြင်နှိမ်နှင်း၍ ရသလား
ရပါသည်။ ခြင်နိုင်ဆေးမှုတ်ခြင်း၊ ခြင်နိုင်ဆေးထွန်းခြင်း၊ ခြင်နိုင်ဆေးစိမ်ခြင်ထောင်များ၊ အကာအရံများ အသုံးပြုခြင်း၊ ခြင်လောက်လမ်းသေဆေးများခတ်ခြင်း၊ လောက်လမ်းစားငါးများ၊ ပုစဉ်းသားလောင်းများ ထည့်သွင်းပေးခြင်း စသည့်နည်းများရှိပါသေးသည်။ မိမိတို့ မိသားစုရပ်ရွာနှင့် သင့်တော်သည့်နည်းများကို ရွေးချယ်၍ သုံးနိုင်သည်။ သို့သော်"ဖုံး၊ သွန်၊ လဲ၊ စစ်"လောက် လွယ်ကူ ထိရောက်မှုမကျယ်ပြန့်ပါ။

"ဖုံး၊ သွန်၊ လဲ၊ စစ်" အလုပ်ကို ဘယ်အချိန်စလုပ်သင့်သလဲ
အချိန်မရွေးလုပ်နေရပါမည်။ မိမိတို့ အိမ်ထဲမှာ၊ အိမ်ဝိုင်းထဲမှာ၊ ကျောင်းထဲမှာ၊ကျောင်းဝင်း အတွင်းမှာ အမြဲတမ်းစောင့်ကြပ်ကြည့်ရှု့၍ စဉ်ဆက်မပြတ် လုပ်သင့်သောအလုပ်ဖြစ်ပါသည်။ အထူး သဖြင့် နွေရာသီတွင် အာရုံစိုက်ပြီးလုပ်ထားပါက မိုးဦးကာလ ခြင်ပေါက်ပွားမှုပမာဏကို ထိန်းချုပ် ထားနိုင်ပါသည်။ မိုးလယ်ရေများသောအချိန်တွင် ချောင်း၊မြောင်းများ၊ရေအိုင်များမှာ ဗွက်အိုင်များ မဟုတ်ဘဲ မိုးရေသန့်များ စုဝေးနေသဖြင့် ခြင်ကျားများသည် ပေါက်နေကျနေရာများ၌ ပေါက်ပွားခွင့် မရခဲ့လျှင် ရရာချောင်းမြောင်း၊ ရေအိုင်များ၌ ပေါက်ပွားနိုင်သဖြင့် နှိမ်နှင်းရခက်ပါသည်။ စင်္ကာပူနိုင်ငံ တွင် ခြင်ပေါက်စရာနေရာမရှိအောင် လုပ်ထားသော်လည်း ခြင်များသည် ရေတံလေQာက်ထဲမှာ တင်ကျန်နေသော ရေအနည်းငယ်ထဲမှာပင် ပေါက်ပွားနိုင်ကြောင်း တွေ့ရှိရပါသည်။

"ဖုံး၊ သွန်၊ လဲ၊ စစ်" ဘယ်သူတွေလုပ်သင့်သလဲ
မိသားစုတိုင်း၊ မူလတန်းကအစ ကျောင်းသူ၊ကျောင်းသားတိုင်း၊ဆရာ၊ဆရာမတိုင်းသာမက ရပ်သူ၊ရွာသားအားလုံး တစ်ပြိုင်နက် ဆောင်ရွက်ရန် လိုပါသည်။ တစ်ယောက်နှင့်တစ်ယောက် အထောက်အကူပေးရန်လည်း လိုပါသည်။ ရပ်ရွာလူကြီးများ၊ မိဘ၊ဆရာများက သုံးရက်တစ်ကြိမ် စဉ်ဆက်မပြတ် စောင့်ကြည့်စစ်ဆေး နေမှသာ ခြင်နှိမ်နှင်းရေးအောင်မြင်ပါမည်။

ခြင်ကျားကို နှိမ်နှင်းနိုင်လျှင် ဘယ်လိုအကျိုးရှိမှာလဲ
• ခြင်ကျားများက သယ်ဆောင်ဖြန့်နိုင်သည့် သွေးလွန်တုပ်ကွေးရောဂါကို ကာကွယ် ထိန်းချုပ်နိုင်ပါသည်။
• သွေးလွန်တုပ်ကွေးကြောင့် ကလေး၊လူကြီးမရွေး သေဆုံးနိုင်သည့် ဘေးအန္တရာယ်မှ ကာကွယ် နိုင်သည်။
• သွေးလွန်တုပ်ကွေးရောဂါကြောင့် ဖြစ်ရသော ဒုက္ခ၊သောကများ၊ ဆုံးရှုံးနစ်နာမှုများ လျော့ပါးသွားမည်။

"ဖုံး၊ သွန်၊ လဲ၊ စစ်" သည် အပြောမဟုတ်၊ အလုပ်ဖြစ်ပါသည်။
တကယ်လုပ်လျှင် အဟုတ်ပင် သွေးလွန်တုပ်ကွေးအန္တရာယ်ကို ကာကွယ်နိုင်ပါသည်။ လူတိုင်း လုပ်မှ အကျိုးရပါမည်။ လူကြားတွင် ခြင်ကျားနေထိုင်ပေါက်ပွားမှု မရှိမှ သွေးလွန်တုပ်ကွေးကူးစက်မှု ကို ဟန့်တားနိုင်ပါမည်။ ။
အကျဉ်းချုပ်ဆိုရလျှင်"ဖုံး၊ သွန်၊ လဲ၊ စစ်" လုပ်ခြင်းသည် ခြင်ကို တိုက်ရိုက်နှိမ်နှင်းခြင်းမဟုတ်ဘဲ ခြင်ပေါက်ပွားရာနေရာများကိုဟန့်တားခြင်း၊ မဟန့်တားနိုင်သည့် အတွက် ပေါက်ပွားလာသည့် ခြင်သားလောင်း(လောက်လမ်း)များကို နှိမ်နှင်ခြင်းဖြစ်ပါသည်။ သွယ်ဝိုက်သည့် နှိမ်နှင်းခြင်းဖြစ်သော်လည်း ပိုပြီးထိရောက်အကျိုးရှိပြီး စရိတ်အကုန်အကျနည်းကာ လူတိုင်းလိုက်လုပ်နိုင်သောနည်းဖြစ်ပါ သည်။

:. How to use :. Notice to user :. Quality & Effectiveness :. Order to

+ 95-1 578 039, 571 867, 579 543
  Copyright © 2005 Diesel King Company Limited. All rights reserved.
Designed by Inforithm-Maze.
Visitors
Advanced Web Counter